အားလုံးကိုစွန့်လွှတ်ရရင်တောင် သတိရချင်းကိုငါပိုင်တယ်











“ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်
ရာစုတစ်ထောင် နေရစ်ခဲ့……
ထိုသို့ဖြင့် စကားမဲ့စေသတည်း….”

‘အုံ့ပုန်းချစ်’ သီချင်းကို
မဆိုချင်ပဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပဲ….

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
ညူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့….. ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ် ဆိုတာပါပဲ။

……..ရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္တ၀င် ပန်းပုရပိုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့……ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွာ…..လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

သွေးနဲ့ယှက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိလှတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း ငါဂီတာတီးနေမယ်။

ကျဆုံးတော့မယ့် စစ်သူအိုရဲက
ငယ်ဘ၀ကဓားနဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်။

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပဲ………”

ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေလိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ လပဲဖြစ်တယ်။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်း ညနေအိုက
မြေကိုရှိခိုး…….

မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့အတွက် အညတရမိုး…..ရေ
နေပါစေတော့။

အဲဒီညဟာ
တစ်ခြမ်းပဲ့လက
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ ညဖြစ်တယ်။

မြက်ရိုင်းက
မိုးကုတ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့ညက
တစ်ယောက်ကိုတစ်ယောက်
မပိုင်ဆိုင်ကြသလိုမျိုး
ရိုးသားစွာ……တို့ ဝေးလိုက်ကြပါစို့။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့သူ
ခု…….ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။

ဆရာတာရာမင်းဝေရဲ့ “ အားလုံးကိုစွန့်လွှတ်ရရင်တောင် သတိရချင်းကိုငါပိုင်တယ် “ ၀တ္ထုမှ ခံစားနှက်သက်မိသော ကဗျာပိုဒ် တချို့

0 comments:

 
My Floras - by Templates para novo blogger 2007